ဘာ့ကြောင့် အစာအိမ်နာတာလဲ
ဆေးပညာရှင်တွေဟာ ဝမ်းဗိုက်ကို မျက်လှည့်သေတ္တာ (Magic Box) ကလေးအဖြစ် တင်စားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဝမ်းဗိုက်အတွင်းမှာ ကိုယ်တွင်းအင်္ဂါ တော်တော်များများ ရှိပြီး ဗိုက်အောင့်ဗိုက်နာတာကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်လို့ပါပဲ။ ချွေးစေးတွေ ထွက်တဲ့အထိ အသည်းအသန် ဗိုက်အောင့်နေတာက လေအောင့်ယုံပဲ ဖြစ်နိုင်သလို တော်ရုံတန်ယုံ ဗိုက်အောင့်တာက အစာအိမ်ပေါက်၊ အူပေါက်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။
အစာအိမ်ဟာ ဝမ်းဗိုက်အပေါ်ပိုင်း ဘယ်ဘက်ခြမ်းမှာ တည်ရှိပြီး ညာဘက်မှာ အသည်းနဲ့ သည်းခြေအိတ်၊ ဘယ်ဘက်မှာ ဘေလုံး၊ အရှေ့ဘက်မှာ ပန်ကရိယ၊ အပေါ်ဘက်မှာ အစာရေမျိုနဲ့ အောက်ဘက်မှာ အူတို့နဲ့ ဆက်စပ်လျက် ရှိပါတယ်။
အစာအိမ်နေရာနဲ့ ဝမ်းဗိုက်က အောင့်နေတတ်တဲ့ အကြောင်းရင်း များစွာ ရှိတတ်ပါတယ်။ အများအားဖြင့် စူးကနဲ စူးကနဲအောင့်တာ၊ စုပ်ဆွဲထားသလို အောင့်တာ၊ နေရာရွေ့ပြီး အောင့်တာ၊ ရစ်ရစ်ပြီး နာတာ၊ ရင်ပူတာတွေ ဖြစ်လေ့ရှိပါတယ်။
အဖြစ်များတဲ့ အကြောင်းရင်းတွေက…
- • အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
- • လေပွတာ
- • ဝမ်းချုပ်တာ
- • ဝမ်းလျှောတာ
- • အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါ (Irritable Bowel Syndrome- IBS) ဖြစ်တာနဲ့
- • အစာအဆိပ်သင့်တာတွေကြောင့်ပါ။
အစာအိမ်ရောင်ရမ်းတာ၊ အစာအိမ်အနာဖြစ်တာတွေကြောင့် နာတာဆိုရင် အစာစားပြီးချိန်မှာ ပိုနာတတ်ပြီး အန်လိုက်ရင် သက်သာသွားတတ်ပါတယ်။ အူနံရံမှာ အနာဖြစ်တာကြောင့် နာတာဆိုရင်တော့ အစာစားလိုက်ရင် သက်သာသလို ရှိတတ်ပါတယ်။
GERD လို့ခေါ်တဲ့ အစာအိမ်ထဲက အက်ဆစ်တွေ ပြန်ဆန်တက်တဲ့ ရောဂါမှာဆိုရင် ရင်ပူတာ၊ အစာစားပြီးချိန် ဝမ်းဗိုက်နဲ့ ရင်ဘတ်အောင့်တာ၊ အစာအများကြီးစားရင်၊ အဆီအစိမ့်နဲ့ အပူအစပ်တွေ စားရင် ပိုအောင့်တာမျိုး ဖြစ်ပါလိမ့်မယ်။
အူအတက်ရောင်တဲ့အခါ ချက်ပတ်လည်မှာ ဦးစွာအောင့်ပြီး ဝမ်းဗိုက်ညာဘက်ခြမ်းရဲ့ အောက်ဘက်ကို ရွေ့သွားတတ်ပေမယ့် အူအတက်ပေါက်သွားတဲ့အခါ အစာအိမ်နေရာ အပါအဝင် ဗိုက်တပြင်လုံး အောင့်နိုင်ပါတယ်။ အူအတက်ရောင်တာက အချိန်မီ မကုသရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
သည်းခြေကျောက်တည်ရင် ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းမှာ အောင့်တတ်ပြီး အစာစားပြီးချိန် အထူးသဖြင့် အဆီအစိမ့်တွေ စားပြီးချိန်မှာ ပိုအောင့်နိုင်ပါတယ်။
Myocardial Infarction လို့ခေါ်တဲ့ နှလုံးကြွက်သားပုပ်ပြီး နှလုံးက လုံလောက်စွာ မညှစ်ထုတ်နိုင်တော့တဲ့ ရောဂါဆိုရင် ဘယ်ဘက်လက်မောင်း၊ ဘယ်ဘက်ရင်အုံနဲ့ ရင်ညွှန့်အောင့်တာနဲ့အတူ အစာအိမ်နေရာကပါ အောင့်တတ်ပါတယ်။
အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကြောင့်လည်း အစာအိမ်နေရာက နာနေတတ်ပါတယ်။
ဗိုက်အောင့်၊ ဗိုက်နာတာက သိပ်မပြင်းထန်ဘဲ ယာယီပဲဆိုရင် အစာအိမ်အက်ဆစ်ကို ထိန်းချုပ်ပေးသောဆေး( PPI)၊ အစာအိမ်ဆေး (Gelmac, Kremil-S စသည်)၊ အစာကြေဆေး (Enzyplex, Enzystal စသည်) နဲ့ ဝမ်းပျော့ဆေး (MOM, Avolac စသည်) တွေ ပေးရင် အနှေးနဲ့ အမြန် သက်သာနိုင်ပါတယ်။
အကယ်၍
- အစာအိမ်နာ၊ ဗိုက်နာတာက မသက်သာဘဲ ပိုဆိုးလာရင်
- ဝမ်းချုပ်ပြီး လေမလည်ရင်
- ဝမ်းအရည်တွေ တောက်လျှောက်သွားရင်
- ဝမ်းသွားတဲ့အခါ သွေးပါလာရင်
- အန်ရင်
- ဗိုက်မှာ အလုံးအကျိတ်တွေ စမ်းမိရင်
- အလွန်အမင်း ဗိုက်အောင့်ပြီး ရှောခ့်ရသလို ဖြစ်ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။
ဓာတ်မှန်ရိုက်တာ၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်တာ၊ သွေးဖောက်စစ်ဆေးတာတွေ လိုအပ်နိုင်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ အခြေအနေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် အစာအိမ်နေရာက နာတာဖြစ်ဖြစ်၊ ဝမ်းဗိုက်က နာတာဖြစ်ဖြစ် စိုးရိမ်စရာ မလိုလောက်ဘူး ဆိုပြီး မပေါ့ဆဘဲ ဂရုပြုကြဖို့ ပြောပါရစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်